(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း(၃၂)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
ဆောင်းရာသီဆိုပေမဲ့ နေ့ခင်းဘက်မှာဆို
ရာသီဥတုက ပူနေ၍တံခါးတွေကိုလုံနေအောင်
ပိတ်ထားကာ အဲယားကွန်းကိုဖွင့်ထားရလေသည်။
ထို့ကြောင့်အဖွား၏ အခန်းတစ်ခုလုံးဟာ
အေးစိမ့်စိမ့်လေးနှင့် နေလို့အင်မတန်ကောင်းသည်။
ဒီအိမ်မှာက ဖွားနုတို့ရှိတော့စကားပြောဖော်
ရသည်။ဟိုအိမ်မှာဆို အလုပ်သမားတွေကလွဲပြီး
အိမ်သားဆိုလို့ ကိုမင်းစက်တစ်ယောက်သာ
ရှိတယ်။
အခုဆို ကိုမင်းစက်ကအလုပ်သွားပြီဆိုပေမဲ့
အဖွားရဲ့ဘေးနားမှာ အဖော်ပြုပေးနေရ၍
ပျင်းတယ်ရယ်လို့မရှိပေ။
ဖွားနုရဲ့အိပ်ခန်းထဲမှာက ကိုရီးယား
ဇာတ်ကားအခွေတွေကလည်း အများကြီးရှိတော့
ဝိုင်းလေးအတွက် ဟန်ကိုကျနေရော။
"ဖွားနု..သမီးချက်ထားတဲ့ငါးရံ့အူဟင်းလေး
စားကောင်းလားဟင်.."
"တကယ်အရသာရှိတယ်..ငါ့မြေးရယ်..
ဘယ်လိုများချက်ထားတာလဲကွယ်..
အိမ်မှာ ခင်မြတို့ ၊အေးသန်းတို့ကအသက်သာ
ကြီးကြတာ ဟင်းချက်လက်ရာကြတော့
အခုထိ ဒုံရင်းကဒုံရင်းပဲ..ငါ့မြေးလေးလက်ရာက
ဆိုင်မှာ သွားစားတာထက်တောင်
ကောင်းသေးတယ်.."
ဖွားနုက ဝိုင်းလေးချက်ပေးတဲ့
ညနေစာကိုစားရတာ မြိန်နေပုံရသည်။
တစ်ဇွန်းပြီးတစ်ဇွန်းခပ်စားနေတဲ့အပြင်
တစ်ဖက်မှာလည်းဝိုင်းလေးကို
အချီးကျူးမပျက်ပေ။
ဒီတော့ ချက်ပေးရတဲ့ဝိုင်းလေးက အားရှိတာပေါ့။
"သာမာန်ဆိုင်တွေမှာက အများစာ
ချက်ကြတာဆိုတော့ တစ်ခါတလေဟင်းက
လျှာမထိအာမထိ ဖြစ်တာနေမှာပေါ့
အဖွားကခံတွင်းပျက်နေတယ်ဆိုလို့
ဂျင်းကိုထောင်းပြီးမွှေးနေအောင်
လုပ်ပေးထားတာ..ခရမ်းချည်သီးကိုလိပ်နေအောင်
လုပ်ပြီး သေချာနှပ်ထားပေးတာလေ..
အဖွားက အစပ်မစားနိုင်မှာစိုးလို့
ငရုတ်သီးစိမ်းကိုတော့ နဲနဲပဲထည့်ထားတယ်.."
"အင်း..ဒီလိုစေတနာအပြည့်နဲ့ချက်ပေးလို့
စားကောင်းတာနေမယ်..
ဒီကြက်သောက်ဆမ်းကရော
ငါ့မြေးလက်ရာပဲလား.."
"ဟုတ်တယ်ဖွားနုရဲ့..သောက်လို့ကောင်းလား.."
"ကောင်းပါ့တော်..အရသာကတော့ရှယ်ပဲ..
အသားလေးတွေကနူးအိနေပြီး
ဟင်းရည်က လျှာပေါ်တင်လိုက်တာနဲ့
စိမ့်နေတာ..
ငါ့မြေးက စားသောက်ဆိုင်ဖွင့်ဖို့ကောင်းတာ
ဒါဆိုအရမ်းအောင်မြင်မှာပဲ..."
"ဖွားနုကလည်း မြှောက်ပေးနေပြန်ပါပြီ
၀ိုင်းလေးကအမြှောက်သိပ်မကြိုက်ဘူးဆိုတော့
အခုတောင် လေပေါ်ပျံတက်ချင်နေပြီ.."
အဖွားက ဝိုင်းလေးချက်ပေးတဲ့ဟင်းတွေနှင့်
ထမင်းကို အားရအောင်စားနေရင်း
ချီးကျူးလွန်းနေ၍ အတောင်ပံပါ
ပေါက်ချင်သွားသည်။
"မြှောက်ပြောတာမဟုတ်ရပါဘူးဟယ်
ဖွားနုတို့ကအမှန်တကယ်တော်လို့ပြောတာပါ...
မြေးရဲ့လက်ရာက တကယ်ကောင်းတာ
ဒီမှာကြည့်ပါလား သူ့တို့ချက်ပေးတဲ့ပုဇွန်ဟင်းက
အနှစ်တွေအများကြီးပါပြီး အရသာက
သိပ်လည်းမကောင်းဘူး..."
အမှန်တော့ အဖွားကကိုယ့်မြေးရဲ့လက်ရာမို့
ပိုသဘောတွေ့နေတာ နေပါလိမ့်မယ်။
အန်တီခင်မြကလည်း လက်ရာကောင်းတာပဲ
ဥစ္စာကို..။
"တကယ်တော့ သမီးအရင်ကစားသောက်ဆိုင်လေး
တစ်ခုဖွင့်ဖို့ ကြိုးစားခဲ့ပါသေးတယ်..
မေမေကလည်းဝါသနာပါတော့..
သားအမိတွေ အတူလုပ်ကြမယ်ဆိုပြီး
စိတ်ကူးယဉ်ခဲ့ကြတာလေ.."
"ဟုတ်လား..အဲ့ဒါဆိုဘာလို့မဖွင့်ဖြစ်တော့တာလဲ.."
"မမထိပ်ထားက ဂျပန်သွားမယ်ဆိုလို့လေ..
ဂျပန်မှာကျောင်းသွားတက်မယ်ဆိုတော့
ငွေသိန်းရာချီကို စားသောက်ဆိုင်မဖွင့်တော့ပဲ
သူ့ကျောင်းစရိတ်နဲ့ ဟိုမှာသုံးစရိတ်အတွက်
ထောက်ပံ့ခဲ့ရတာလေ..."
"အင်း..နှမျောစရာပဲနော်..မိစံလည်းပြောပါတယ်
ခင်ထိပ်ထားဦးက မလိမ္မာဘူးတဲ့
ဂျပန်မှာ ကျောင်းတက်ပြီးအလုပ်လည်းရရော
အဆက်အသွယ်ဖြတ်သွားတယ်တဲ့..
ကလေးမက တကယ်ကိုမသိတတ်တာပဲ
ကိုယ့်ကြောင့် နောက်မှာမိသားစုကဘယ်လောက်
ပေးဆပ်ထားရသလဲဆိုတာ နားမလည်ဘူးနော်.."
"ထားလိုက်ပါဖွားနုရယ် အဲ့အကြောင်းတွေကို
မပြောချင်တော့ပါဘူး..."
"အင်း..အဖွားလည်းဗိုက်ပြည့်ပြီဆိုတော့
အခြားအကြောင်းပြောရတာပေါ့.."
"နေပါအုံးဖွားနုရယ်..စကားက
ဘယ်အချိန်ပြောပြောရတယ်..အရင်ဆုံး
ဆေးသောက်ရမယ်လေ.."
ဖွားနုစားပြီးသား ထမင်းပန်းကန်တွေကို
မီးဖိုခန်းထဲသို့ သယ်သွားလိုက်တော့
မီးဖိုအခန်းထဲမှာက အေးလှနှင့်အန်တီအေးသန်းသာ
ရှိနေလေသည်။
ဒီနှစ်ယာက်နဲ့က ပြဿနာဖြစ်ထားဖူးတော့
သိပ်ပြီးလည်းအရောမ၀င်ချင်၍ လိုရင်းသာ
ပြောလိုက်သည်။
"အေးလှ ဒီမှာဖွားနုစားထားတဲ့ပန်းကန်တွေကို
ထားခဲ့ပြီနော်.."
"အမယ်လေး..သူ့ကိုယ်သူ..
သူဌေးသမီးဂိုက်ဖမ်းနေလိုက်တာများ..
ကိုယ့်မှာလည်းလက်ရှိရဲ့သားနဲ့
ကိုယ့်ဘာသာမလုပ်ဘူး..လူကိုများ
သူငှားထားတဲ့ အိမ်စေမှတ်နေသလားမသိဘူး.."
မီးဖိုခန်းအပေါက်၀လို့ ခြေချလိုက်သည်နှင့်
ခနဲ့တဲ့တဲ့ အေးလှ၏အသံကိုကြားလိုက်ရ၍
နွေးနေသောသွေးတွေဟာ ချက်ချင်း
ပူတက်လာသလိုတောင် ခံစားလာရသည်။
"အဲ့မှာဘာရပ်လုပ်နေတာလဲ..."
အခန်း၀တွင် နံရံကိုလက်သည်းနှင့်ကုတ်ခြစ်ကာ
ရပ်နေမိသော ဝိုင်းလေးကို
သတိ၀င်လာစေတာကတော့ အရှေ့မှာ
လာရပ်နေသော ခံ့ညားသည့်ပုံရိပ်တစ်ခုပါပဲ။
သူအစောကြီး ပြန်လာတာပါလား။
ခြောက်နာရီတောင် မထိုးသေးဘူးလေ။
"ရှင်ပြန်လာပြီလား.."
"အင်း..."
"ဒီနေ့စောတယ်နော်.."
"အဖွားကိုစိတ်ပူလို့ပြန်လာတာ.."
ထိုစကားသာပြောပြီး ဝိုင်းလေးကို
ကျောခိုင်းသွားခဲ့လေသည်။
အနောက်ကိုပြန်ကြည့်လိုက်တော့ ခုဏက
ဝိုင်းလေးကို ရွဲ့စောင်းပြီးပြောသောအေးလှဟာ
အထင်သေးစွာ ကြည့်လာတာနှင့်သွား၍ဆုံသည်။
ကိုယ့်လင်သားကတောင် ကိုယ့်အပေါ်မှာ
မကြင်နာမှတော့ အခြားသူတွေကလာနှိမ်တာ
ဆန်းပါတော့မလား။
အဖွားကို စိတ်ပူလို့ပြန်လာတာတဲ့လေ။
သူ့ရဲ့လေသံက ပြတ်သားပြီးကြည်လင်နေတဲ့အပြင်
အခြားထပ်ပြောစရာမရှိမှန်းသိသာလွန်းတယ်။
အဖွားအတွက်နော် မင်းအတွက်မဟုတ်ဘူးလို့
ကြော်ငြာလိုက်သလိုပါပဲ။
အလိုလိုနေရင်း မျက်ရည်ဝိုင်းလာမိပေမဲ့
စိတ်ကိုတင်းပြီး အပေါ်ထပ်သို့တက်လာခဲ့လိုက်သည်။
အဖွားကို ညဆေးတိုက်လိုက်ပြီးနောက်
ကိုမင်းစက်ရှိတဲ့အခန်းကို မသွားချင်သေး၍
အဖွားကိုသာ နှိပ်နယ်ပေးမိပါသည်။
"ဒါနဲ့ ကိုစက်ဆီမှာအလုပ်လုပ်နေတဲ့အချိန်တုန်းက
သူတစ်ခုခုမူမမှန်တာကို သတိထားမိသေးလား.."
"သတိမထားမိပါဘူးဖွားနုရယ်..
သူကသူ့အလုပ်ကိုပဲအာရုံထားတဲ့လူဆိုတော့
အမှားကို ဖြဲရှာတောင်မတွေ့ပါဘူး.."
ဝိုင်းလေးလည်း အဖွားကအသက်ကြီးနေပြီဆိုတော့
အခြားအရာတွေကြောင့် စိတ်အနှောက်အယှက်
ဖြစ်မည်ဆိုး၍ လိမ်ပြီးသာပြောလိုက်သည်။
"ဒါနဲ့..အခုအဖွားကိုပြုစုနေရတော့ အလုပ်က
နားထားရမှာပေါ့.."
"ဖွားနုရယ်..ကုမ္ပဏီက..ကိုမင်းစက်ရဲ့
ကုမ္ပဏီပဲဥစ္စာ..ဘယ်အချိန်ပြန်၀င်၀င်ရပါတယ်.."
ဒီတစ်ခါတော့ ဝိုင်းလေးအလုပ်ပြုတ်တဲ့
အကြောင်းကို အဖွားမသိသေးဘူးထင်ပါတယ်။
ဝိုင်းလေးလည်း အမှန်အတိုင်းမပြောပြချင်၍
ထပ်လိမ်လိုက်ပြီးနောက်အာရုံပြောင်း၍
ဖွားနုကိုသာနှိပ်ပေးနေလိုက်သည်။
"အော်..ဝိုင်းလေးကအမေ့ကိုပြုစုပေးနေတာပဲ"
အခန်းထဲသို့ အသံကျယ်ကျယ်ပြော၍
၀င်လာသူမှာ အန်တီရတနာဖြစ်လေသည်။
ကြည်လင်သောအသံနှင့်အတူ အန်တီရတနာ့၏
မျက်နှာကလည်း ပွင့်ခါစကြာပန်းကြီးလို
ရွှင်လန်းလှပနေသည်။
"ငါ့ချွေးမအငယ်လေးက လိမ္မာလိုက်တာဟယ်..
အမေ့ဘးမှာ တစ်ချိန်လုံးရှိပေးနေတာလား.."
"ဟုတ်ပတော်..ငါ့မြေးကငါ့ကိုတစ်ချိန်လုံး
အနာကနေမခွာပဲ ဂရုစိုက်ပေးနေတာ
အရင်ကနင်တို့ငှားပေးတဲ့ နက်စ်မထက်တောင်
သာသေးတယ်..ငါစားဖို့လည်းသူကိုယ်တိုင်ပဲ
ချက်ကျွေးတာတော်..ငါ့မြေးလက်ရာက
ကြယ်ငါးခုအဆင့်ဟိုတယ်က စာဖိုးမှူးနီးနီးကို
ကောင်းတာ..."
"ဟာဖွားနုကလည်း
အဲ့လောက်လည်းမဟုတ်ပါဘူး.."
"အမယ်လေး..လျှိုမနေစမ်းပါနဲ့ငါ့မြေးရယ်..
အဖွားကတော့ တော်ရင်တော်တယ်ချီးကျူးမှာပဲ
ရတနာ နင်ငါ့မြေးကိုဆုချရမယ်နော်
စိန်တစ်ဆင်စာနော်.."
စိန်တစ်ဆက်စာဟု ဖွားနုကိုယ်တိုင်
ထုတ်ပြောလိုက်၍ ဝိုင်းလေးတောင်
လန့်သွားမိသည်။အန်တီရတနာကလည်း
ပြုံးပြုံးနှင့် ခေါင်းငြိမ့်ပြနေ၍
၀င်တားမှရတော့မည်ဟု တွေးလိုက်မိသည်။
"စိန်တစ်ဆင်စာတော့မပေးပါနဲ့နာ်..
မင်္ဂလာဆောင်တုန်းက လက်ဖွဲ့ထားတဲ့
ဟာတွေတောင် သမီးအခုအထိမသုံးရသေးဘူး
တော်ကြာ ဖုန်တက်တာပဲအဖက်တင်လိမ့်မယ်နောက်ပြီး အဲ့လောက်အဖိုးတန်တာတွေကို
သိမ်းထားမိရင် ဝိုင်းလေးကျောလုံမှာမဟုတ်ဘူး...
ကျောအောက်မှာဓားချပြီးအိပ်နေရလိမ့်မယ်..."
"အမယ်လေး..ငါ့ချွေးမလေးက
ရိုးလိုက်တာကွယ်..ဘယ်သူ့သွားမေးမေး
စိန်တစ်ဆင်စာဆိုလို့ကတော့
လူတိုင်းလိုချင်ကြတာချည်းပဲ...
ဒီလိုဆိုတော့လည်း အမေကပဲသိမ်းထားလိုက်မယ်
တစ်ခုခုဆို အမေ့ကိုပြော..အမေထုတ်ပေးမယ်နော်"
"ဟုတ်ကဲ့ပါအန်တီ..."
"ဘာအန်တီလဲ..အမေလေသမီး..အမေလို့ခေါ်.."
"ဟုတ်ကဲ့ပါအမေ..."
သမီးဖြစ်သူနှင့်မြေးချွေးမနှစ်ယောက်က
ဓာတ်တည့်နေတော့ ဒေါ်နုယဥ်လည်း
ရယ်သွမ်းသွေးလိုက်မိသည်။
ရတနာက သားတွေချည်းပဲအများဆုံး
မွေးထားတော့ သမီးမိန်းကလေးဆို
သိပ်ချစ်တတ်တာ။
ဒါကြောင့်ပဲ သားအကြီးကိုမိန်းမ
ပေးစားလိုက်မိပေမဲ့ ချွေးမအကြီးက
ပုံမလာတော့ သူ့ခမျာအခက်တွေ့နေရတာပေါ့။
အခုတော့ ချွေးမငယ်ငယ်လေးကြောင့်
သူရော ကိုယ်ရောဆန္ဒတွေပြည့်၀သွားသလိုပဲ။
ဝိုင်းလေးက လူကြီးတွေရဲ့စကားကိုအင်မတန်
လိုက်နာတတ်ပြီး လိမ္မာပြီးကျိုးနွံမှုလည်း
ရှိတယ်။
အသက်ကလည်း နှစ်ဆယ်ကျော်လေးဆိုတော့
ရုပ်ရည်ကလည်း နုနုငယ်ငယ်လေးနဲ့
တအားချစ်စရာကောင်းတယ်။
မြေးအရင်းလေးနောက်တစ်ယောက်ရလိုက်
သလိုတောင် ထင်မိတဲ့အထိပဲ။
"ဒါနဲ့လေ..အမေ..သီတာတို့လင်မယားကို
သိတယ်မဟုတ်လား.."
"အေး..သိတယ်လေ..သူတို့လင်မယားက
အသက်လေးဆယ်ဖြစ်နေကြပေမဲ့
ကလေးမရသေးဘူးမဟုတ်လား..
စိတ်ကောင်းစရာပဲဟယ်...
ပစ္စည်းဥစ္စာပြည့်စုံနေပေမဲ့ သားသမီးရတနာ
မရှိတော့ အနှစ်သာရပျောက်ဆုံးနေသလို
ဖြစ်နေတာပေါ့..."
"အမေကလည်း စကားကိုဆုံးအောင်
နားထောင်ပါအုံး..ဒီနေ့ရွှေဆိုင်မှာ
ကလေးဟမ်းချိန်းလေးလာ၀ယ်လို့
စပ်စုကြည့်လိုက်တော့
သူတို့လင်မယားက ကလေးရနေပြီတဲ့လေ
အခုဆိုရင် ကလေးကငါးလသားတောင်
ရှိနေပြီတဲ့.."
"ဟယ်..တကယ်ကြီးလား..
အသက်လေးဆယ်ကျော်မှတောင်
ကလေးရသေးတယ်နော်..အင်း..ကံဆိုတာ
မှန်းဆလို့မှမရပဲကို..ကလေးရမဲ့ကံပါရင်
ရမှာပါပဲ..နင့်သားကြီးလင်မယားလည်း
ရရင်ရနိုင်မှာပေါ့..."
"အမေကလည်း..ချစ်သက်လျှာက..
ဘယ်လိုလုပ်ကလေးရမှာလဲ..
သန္ဓေတားဆေးတွေသုံးနေတဲ့ဥစ္စာကို
မေးလိုက်ရင်တော့..သူ့အလုပ်နဲ့သူတောင်
မအားတာ ကလေးထိန်းဖို့အချိန်ဘယ်မှာ
ရှိမလဲတဲ့လေ..အဲ့ဒါနဲ့ကျွန်မလည်း..
အမေတို့ထိန်းပေးမှာပေါ့လို့ ပြောလိုက်တော့
ခြောက်လလောက်က ဘယ်သူနို့တိုက်မှာလဲဆိုပြီး
ပြန်ပြောတယ်အမေရယ်..အိမ်ထောင်သည်မှန်ရင်
ကလေးမွေးတာအဆန်းလား..
ခြောက်လလေးတောင် ကိုယ့်ကလေးကို
နို့တိုက်ကျွေးချင်စိတ်မရှိတဲ့
မိန်းမကိုပြောနေလည်း အပိုပါပဲ.."
"အင်း..ဒီကောင်မလေးနဲ့လည်းတယ်ခက်တာပဲ
ဒါဆိုရင် ငါတို့ကဘယ်တော့မြစ်ကလေးကို
ချီခွင့်ရမှာလဲ..အိမ်မှာတီတီတာတာချွဲမဲ့
ကလေးလေးမရှိတော့ ငါ့ရဲ့နေရက်တွေက
ပျင်းခြောက်ခြောက်ပြီး ဖြစ်နေမှာပေါ့.."
"မပူပါနဲ့အမေရယ်..ကျွန်မတို့မှာချွေးမအငယ်လေး
ကျန်ပါသေးတယ်..နော်ဝိုင်းလေး..."
ဒုက္ခပဲ ဝိုင်းလေးဘက်ကိုမျက်စောင်းထိုးလာကြပြီ။
အမေရောအဖွားရောက မျှော်လင့်ချက်
တစ်ပုံတစ်ပင်ကြီးနဲ့ ကြည့်နေကြတာများ
မျက်လုံးကြီးတွေက ရှေ့ကိုပြုတ်ကြတော့မဲ့
အတိုင်းပဲ။
သူတို့ရဲ့ မျက်လုံးထဲမှာ"ငါတို့ကိုကလေးလေး
မွေးပေးဆိုတဲ့"စာလုံးတွေတောင်ပေါ်နေသလိုပဲ။
ဝိုင်းလေးက ဆေးထိုးတာရော၊
ဆေးသောက်တာရောမလုပ်ရသေးသလို
ယောက်ျားနဲ့ကအကျောမတည့်တော့
လုပ်စရာလည်းမလိုပေ။
မချစ်သက်လျှာကတော့ သူ့ဘာသာရပ်တည်နိုင်သူ
ဆိုတော့ အာခံနိုင်တာမဆန်းပါဘူး။
ဝိုင်းလေးကြတော့ အခြေအနေကမတူဘူးလေ။
ဝိုင်းလေးရဲ့အဖြစ်က ဘုရင့်မိဘုရားများလို
ကိုယ့်နေရာလေးတည်မြဲဖို့ သားရတနာကို
အမှီပြုပြီး ခြေကုတ်ယူထားရမလို
ပုံမျိုးဖြစ်နေတယ်။
ဒါပေမဲ့ ဝိုင်းလေးကလည်းကလေးမွေးကြည့်ရမှာ
ကြောက်တယ်လေ။
"မသီတာတို့ပြောပြတာတော့ သူတို့က
ရွှေတိဂုံဘုရားမှာရှိတဲ့ ဗြမ္မာသားပိုက်ဆီမှာ
ကလေးရုပ်ထုလေးကို ကိုင်ပြီးသားဆုပန်ခဲ့တာတဲ့
သားလေးမွေးရင် ပွဲပေးမယ်ဆိုပြီးကတိပေးခဲ့တာ
အခုသားလေးရတော့ ပွဲပေးလိုက်တယ်တဲ့.."
"ဟဲ့..အဲ့ဒါကိုငါလည်း သူများတွေပြောတာ
ကြားဖူးတယ်..ဗြမ္မာသားပိုက်က
တကယ်ဆုတောင်းပြည့်တာတဲ့..ဒီလိုလုပ်ပါလား
နင့်သားရုံးပိတ်တဲ့တစ်ရက်လောက်
နှစ်ယောက်လုံးကို ခေါ်သွားပြီး
သားဆုသွားပန်ကြည့်ပါလား.."
"ဝိုင်းလေးကရပေမဲ့ ကိုစက်ကအဲ့ဒါမျိုးတွေကို
အယုံအကြည်မရှိလောက်ဘူးထင်တယ်.."
"အဲ့ဒါဆိုလည်း အဖွားကျန်းမာရေးကောင်းအောင်
အင်္ဂါသားက ယတြာချေပေးရမယ်ဘာညာ
ပြောလိုက်ပေါ့ဟယ်.."
"ဟုတ်သားပဲ..ဒီလိုကလိမ်ကကျစ်အကြံမျိုး
အမေပဲထုတ်တတ်တယ်.."
"ဟမ်..."
အန်တီရတနာ၏အပြောကြောင့် ဆူပုတ်သွားသော
အဖွားကိုကြည့်ပြီး ဝိုင်းလေးမှာ
မရယ်ပဲမနေနိုင်တော့ပေ။
ဒါပေနဲ့ ခဏအကြာမှာအန်တီရတနာ၏
ကလေးရအောင်ယူနည်း ညွှန်ကြားမှုတွေကြောင့်
စိတ်ညစ်ရပြန်သည်။
ကလေးမရတာက သားအိမ်မသန့်လို့လည်း
ဖြစ်နိုင်တယ်ဆိုပြီး သူ့အသိသားဖွားဆရာမဆီမှာ
သားအိမ်သွားသန့်ရအောင်တဲ့လေ။
ဆေးရုံမှာလည်း OGနဲ့သွားပြပြီး
ကလေးရနိုင်၊မရနိုင်စစ်ဆေးကြည့်ပါမည်တဲ့။
ဝိုင်းလေးရဲ့အသက်ကနှစ်ဆယ့်သုံးနှစ်ပဲ
ရှိသေးတာကို ဘာလို့များအတင်းဖိအားပေး
ချင်ကြတာလဲမသိဘူး။
🍒🍒🍒🍒🍒🍒🍒
ညနေကအန်တီရတနာ၏ စကားတွေကို
ပြန်ကြားယောင်မိပြီး အိပ်၍တောင်
မပျော်တော့ပေ။
သူတို့က ကလေးလိုချင်နေကြတာကိုသိပေမဲ့
ဒီလောက်အထိ အကဲပိုမယ်လို့မထင်ခဲ့မိဘူး။
နောက်ပြီး ဝိုင်းလေးဘက်ကနေ
ဆန္ဒရှိရဲ့လားလို့တောင် တစ်ခါမှမမေးကြဘူး။
ဘာလုပ်ရမှန်းမသိတော့၍
သက်ပြင်းသာချလိုက်မိသည်။
"ဘာဖြစ်နေတာလဲ...မအိပ်သေးဘူးလား.."
"အိပ်မှာပါ..."
ခပ်ဩဩအသံကိုကြားလိုက်တော့မှ
ကိုမင်းစက် အခန်းထဲသို့၀င်လာမှန်း
သိလိုက်ရသည်။
ညအိပ်၀တ်စုံအနက်ရောင်ကို ၀တ်ထားပြီး
လက်ထဲမှာလည်းစာအုပ်တစ်အုပ်ကို
ကိုင်ထားလေသည်။
ဝိုင်းလေးလည်းသူ့ကို ဂရုစိုက်မနေတော့ပဲ
စောင်ကို ဆွဲခြုံပြီး ကုတင်စွန်းမှာလှဲအိပ်လိုက်သည်။ဒါပေမဲ့ ဘယ်လိုပဲကြိုးစားပြီးအိပ်ပါစေ
လုံး၀ကို အိပ်မပျော်ဖူးဖြစ်နေတယ်။
တစ်ခုခုကြောင့် ရင်ခံနေသလိုကြီး
ခံစားနေရတာမျိုး ။
ဒီမိသားစုမှာ ကလေးတစ်ယောက်သာ
မွေးမပေးနိုင်ရင် ဘာဖြစ်သွားမလဲဆိုတဲ့
အတွေးကြီးသာ ရစ်ဝဲနေမိတယ်။
မချစ်သက်လျှာရဲ့ မာနကြီးပြီးမောက်မာမှုက
ဒီနေရာမှာ သွားပြီးအသုံးတည့်တယ်လို့
ဆိုရမယ်။သူ့ရဲ့ပုံစံကြောင့် ဘယ်သူကမှ
ဖိအားမပေးရဲကြဘူး။
ဒါပေမဲ့ ဝိုင်းလေးနဲ့သူကတူမှမတူပဲ။
မချစ်သက်လျှာဆိုတာ နဂိုတည်းက
ဥစ္စာရှိပြီးပညာဂုဏ်မြင့်တဲ့ အသိုင်းအဝိုင်းက
မိန်းမတစ်ယောက်လေ။
ဝိုင်းလေးကကြတော့ အခုလက်ရှိမွေးစား
မိဘတွေကသာ စွန့်ပစ်လိုက်သည်ရှိသော်
ဘယ်မှာလဲ မိဘ၊
ဘယ်မှာလည်း ကာကွယ်ပေးမဲ့ဆွေမျိုးတွေ။
လင်ယောက်ျားကပါ အချစ်မခံရတဲ့
မိန်းမတစ်ယောက်အတွက် ဘယ်အရာကိုသွားပြီး
အားကိုးရတော့မှာလဲ။
အနောက်သို့ လှည့်၍ကြည့်လိုက်မိတော့
ဦးမင်းစက်အာဏာဟာ သူ့နေရာရှိ
ကုတင်စွန်းဘက်တွင် ခေါင်းဦးနှစ်လုံးကို
ဆင့်၍ ကျောမှီလျှက် စာအုပ်ဖတ်နေလေသည်။
ဘေးတိုက်ကြည့်မိတာတောင်
သူဟာသိပ်ချောပါတယ်။
မျက်လုံး၊မျက်ခုံးနဲ့ နှာတံရိုးကအစ
ဆွဲဆောင်မှုရှိပြီး အပြစ်ဆိုစရာကိုမရှိတာ။
စာကြည့်မျက်မှန် အကြည်လေးကိုတပ်ထားတော့
ပိုတောင် ခန့်နေသေးတယ်။
ဒီရုပ်ရည်နဲ့ တက္ကသိုလ်မှာပါမောက္ခသွားလုပ်ရင်
ကျောင်းသူတွေကြား အုတ်အော်သောင်းနင်းတောင်
ဖြစ်သွားအုံးမယ်။
သူ့ရုပ်ရည်ကို ချီးကျူးမိပေမဲ့တစ်ဆက်တည်းမှာ
နှာခေါင်းရှုံ့လိုက်မိပြီး တစ်ဖက်သို့
ပြန်လှည့်ပစ်လိုက်သည်။
ရုပ်ချောတော့ရောဘာကောင်းလဲ
သူမှငါ့ကိုဂရုမစိုက်တာ။
ခဏအကြာမှာတော့ မွေ့ယာကသိမ့်ကနဲ
တုန်သွား၍ သူအိပ်ယာ၀င်ပြီမှန်းသိလိုက်သည်။
ဒါပေမဲ့ ဝိုင်လေးကတော့နောက်ထပ်နာရီ၀က်
ကြာသည်အထိ အိပ်လို့မရသေးပေ။
ဓမ္မတာလာချိန်နီးနေ၍လားတော့ မသိပေမဲ့
အလိုလို၀မ်းနည်းနေမိတယ်။
"ကိုမင်းစက်..ရှင်အိပ်နေပြီလား..."
"အင်း.."
ကြည့်အုံး..အိပ်နေတယ်တဲ့လူက ပြန်ဖြေတယ်တဲ့။
ဒါမအိပ်သေးဘူးလို့ ပြောလိုက်တာနဲ့အတူတူပဲ
မဟုတ်ဘူးလား။
မင်းစက်ကတော့ အိပ်မရသေးပေမဲ့
နှဖူးပေါ်လက်တင်၍ မျက်လုံးကိုသာ
မှိတ်ထားလိုက်သည်။တစ်ဖက်မိန်းကလေးကတော့
သူ့ကို ထူးထူးဆန်းဆန်းထမေးလာပြီး
အသံပြန်တိတ်သွားလေသည်။
"ဒီနေ့အဖွားကိုပြုစုနေရင်းနဲ့ အဖေ့ကိုအရမ်း
သတိရတာပဲ..အဖေက..
လေဖြန်းနေတာကြာပြီလေ
အစားစားရင်လည်း မနည်းကျွေးရတယ်
ထိုင်တောင်သေချာမထိုင်နိုင်တော့ဘူး
အဖွားရဲ့သတင်းကိုကြားကြားချင်း
အဖေ့လိုဖြစ်မှာကို အရမ်းစိုးရိမ်တာပဲ.."
မေဝိုင်းလေး၏ ခပ်အက်အက်အသံကြောင့်
မင်းစက်လည်း မျက်လုံးတွေဖွင့်လိုက်ကာ
ဘေးကိုစောင်းကြည့်လိုက်မိသည်။
သူမြင်နေရသည့် စောင်ခြုံထားသော
ကျောပြင်လေးက တစ်ချက်မျှတုန်တက်သွားလေသည်။
*ကြည့်ရတာ..အိမ်ကိုလွမ်းပြီးငိုနေပြီထင်တယ်..
ဒါပေမဲ့ ဘယ်လိုနှစ်သိမ့်ပေးရမှာလဲ..*
"ဝိုင်းလေးရဲ့အသက်ကအခုမှနှစ်ဆယ့်သုံးနှစ်ပဲ
ရှိသေးတယ်..
ဘွဲ့ရပြီးတာသုံးနှစ်လောက်ပဲရှိသေးတယ်..
အလုပ်မလုပ်ခင် လိုအပ်တဲ့
သင်တန်းတွေတက်နေတာနဲ့ပဲ
မိဘတွေက ဝိုင်းလေးရဲ့လုပ်စာကိုစားခွင့်တောင်
မရလိုက်ကြဘူး..အများအမြင်မှာတော့
ငယ်ငယ်လေးနဲ့ ယောက်ျားယူသွားလို့
သားသမီးတာ၀န်မကျေပွန်ဘူးလို့ ထင်ကြမှာပဲနော်
**
အိမ်မှာက မိန်းမသားတွေချည်းပဲရှိတာ
အမေက အဖေ့ကိုလည်းဂရုစိုက်ရတော့
အခုဆို ဆိုင်ကိစ္စကဒေါ်လေးရဲ့ခေါင်းပေါ်ကို
ရောက်နေပြီ..အဖွားကလည်းအသက်ကြီးမှ
အိမ်ကိစ္စတွေကို လိုက်ပြီးစီမံပေးနေရတယ်
***
ဟိုတလောက အမေ့အိမ်ကိုပြန်တော့
အိမ်ရှေ့မှာ ထမင်း၊ဟင်းနဲ့အအေးရောင်းမလို့ဆိုပြီး
တိုင်ပင်လာတယ်..ဝိုင်းလေးသိပ်၀မ်းနည်းတာပဲ
အမေ့ကိုလုပ်အားနဲ့တောင် ဘာမှလည်းမကူနိုင်ဘူး..
တကယ်ဆိုရင် အဖေနဲ့အမေကဝိုင်းလေးကို
မွေးစားထားတာဆိုပေမဲ့ သမီးအရင်းနဲ့တန်းတူ
ဂရုစိုက်ပေးခဲ့ကြတာလေ..အဟင့်..
တွေးလေလေ..၀မ်းနည်းလာလေပဲ.."
စကားပြောနေရင်းနှင့် တသိမ့်သိမ့်ရှိုက်ငိုနေသည့် ကောင်မလေးကိုသူဘယ်လို
နှစ်သိမ့်ပေးရမလဲဟု အသည်းအသန်
စဉ်းစားနေမိသည်။
အသက်ကလည်းငယ်၊ဘ၀မှာသင်ယူစရာတွေ
အများကြီးလိုအပ်နေသေးပြီး ရင့်ကျက်ဖို့
လိုနေသေးတဲ့အရွယ်ဆိုတော့
အတွေးများပြီး စိုးရိမ်စိတ်လွန်ကဲတာ
သူနားလည်သည်။
ဒါ့အပြင် မေဝိုင်းလေးဟာပုံမှန်ဆို ကိုယ့်ကို
ဒီလိုရင်ဖွင့်လေ့မရှိတော့ အထူးအဆန်းလို
ဖြစ်နေမိတယ်။
မိန်းကလေးတစ်ယောက်အနေနဲ့ သူ့အခက်အခဲကို
ဒီလိုပွင့်ပွင့်လင်းလင်း ပြောပြနေတည်းက
ကိုယ့်ကို ယုံကြည်လို့ပဲမဟုတ်ဘူးလား။
ဒီတော့သူလည်း တစ်ခုခုတော့လိုက်လျော
ပေးမှ ဖြစ်လိမ့်မည်။
မိန်းကလေးတစ်ယောက်နဲ့ပတ်သတ်ပြီး
သူတောင် မသိလိုက်ပဲချက်ချင်း
ဆုံးဖြတ်ချက်ချလိုက်မိတယ်။
"ဒီတစ်ပတ်ကိုယ့်ရုံးပိတ်ရက်မှာ..
မင်းရဲ့မိသားစုဆီကို အလည်သွားကြတာပေါ့..
မင်္ဂလာဆောင်ပြီးတည်းက မင်းရဲ့အိမ်ကို
ကိုယ်လိုက်မလည်ဖူးသေးဘူး..
သူတို့လည်းကိုယ့်ကို တွေ့ချင်နေကြမှာပဲလေ.."
"ရှင်တကယ်ပြောနေတာလား..."
သူ့ရဲ့စကားက ထိရောက်သွားသည်ထင်ပါရဲ့
ကောင်မလေးတစ်ယောက် ချက်ချင်းသူ့ဘက်သို့
ခေါင်းလှည့်လာလေသည်။
ဒါ့အပြင်မျက်နှာလေးကပါ ရွှင်လန်းသွားတယ်။
ဒါပေမဲ့ အရမ်းလိုက်လျောပေးရင်လည်း
ရောင့်တက်မှာစိုး၍ မျက်နှာကိုတော့
ခပ်တည်တည်ပဲ နေလိုက်မိသည်။
"မနက်ဖြန်ကြရင်..KGစင်တာတစ်ခုခုကိုသွားပြီး
မင်းမိသားစုအတွက် လက်ဆောင်ပစ္စည်းတွေ
သွားရွေးထားလိုက်ပေါ့..ကိုယ့်ကဒ်ကိုမနက်ကြရင်
မင်းကိုပေးထားမယ်.."
"တကယ်ကြီး..ရှင်မလိမ်ပါဘူးနော်.."
"ကိုယ်ကဘာလို့လိမ်ရမှာလဲ..
မင်းပဲအိမ်ပြန်ချင်တယ်ဆိုပြီး ပြောနေပြီးတော့
ဘာလဲ မပြန်ချင်တော့ဘူးလား.."
"ပြန်မှာပြန်မှာ..ကျွန်မထပ်မမေးတော့ဘူး.."
သကြားပွင့်လေးလို အချိုမြဆုံးပြုံးရွှင်သွားပြီး
နေရာမှာ ပြန်ပြီးလှဲအိပ်လိုက်တာများ
မွေ့ယာကြီးတောင် သိမ့်ကနဲဖြစ်သွားတယ်။
မင်းစက်လည်း ကောင်မလေးဒီလောက်
ပျော်သွားမယ်လို့ မထင်မိခဲ့၍ အခုလို
ပျော်ရွှင်နေတာကို မြင်ရတော့သူပါ
ပြုံးလိုက်မိသည်။
"တကယ်လို့ မင်းဆန္ဒရှိရင် ကိုယ်တို့မင်းရဲ့အိမ်ကို
မကြာခဏ သွားလည်ကြတာပေါ့..
မင်းရဲ့မိဘတွေလည်း ၀မ်းသာလောက်မှာပါ..."
သူ့စကားအဆုံးမှာ တစ်ဖက်မှဘာမှတုန့်ပြန်မလာ၍
အိပ်သွားပြီလို့ ထင်လိုက်မိပေမဲ့ ခဏအကြာမှာ
ငေါက်ကနဲ ထထိုင်လိုက်၍ သူတောင်
လန့်သွားမိသည်။
"ဘာဖြစ်တာလဲ.."
"ကျွန်မရှင့်ကို မေးစရာရှိလို့..."
မွေ့ယာပေါ်ကို လက်ထောက်ထားပြီး
ခြေထောက်လေးစုကြုံ့ထားလျှက် ထိုင်နေသော
သူလေး၏မျက်နှာသည် ကိုယ့်စိတ်ထဲမှာတော့
ပန်းနုရောင်သန်းနေသလိုပဲ။
ဒီမိန်းကလေးရှက်နေတာလား။
ဘာစကားကို ပြောမှာမို့လို့လဲ။
ဆံပင်အရှည်ကြီးတွေက ဝဲကျနေပြီး
ကောင်မလေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို
ဖုံးအုပ်ထားသလိုဖြစ်နေသည်။
ဒီလိုရှက်ရွံ့နေတဲ့ မျက်နှာလေးကိုတွေ့ရတော့
သူအာခေါင်တွေတောင် ခြောက်ချင်လာတယ်။
ဒါပေမဲ့ သူမပြောလာတဲ့စကားကြောင့်
သူပို၍ အံ့အားသင့်သွားရလေသည်။
"ရှင်..ကလေးယူချင်လား.."
"ဟမ်!!!"
အခန်း(၃၃)ဆက်ရန်..
စာရေးသူ..ဆောင်းငွေ့ဝေ
🍒🍒🍒🍒🍒🍒
ဖြေလိုက်ကြပါအုံး🤭
ဖတ်ရှုပေးသူ တစ်ဦးတစ်ယောက်ချင်းဆီကို
အထူးကျေးဇူးတင်ရှိပါတယ်..
==========================================================================
အခန္း(၃၂)
💘မာနမင္းသားႏွင့္ေရႊဖူးစာ💘
ေဆာင္းရာသီဆိုေပမဲ့ ေန့ခင္းဘက္မွာဆို
ရာသီဥတုက ပူေန၍တံခါးေတြကိုလံုေနေအာင္
ပိတ္ထားကာ အဲယားကြန္းကိုဖြင့္ထားရေလသည္။
ထို႔ေၾကာင့္အဖြား၏ အခန္းတစ္ခုလံုးဟာ
ေအးစိမ့္စိမ့္ေလးႏွင့္ ေနလို႔အင္မတန္ေကာင္းသည္။
ဒီအိမ္မွာက ဖြားႏုတို႔ရိွေတာ့စကားေျပာေဖာ္
ရသည္။ဟိုအိမ္မွာဆို အလုပ္သမားေတြကလဲြၿပီး
အိမ္သားဆိုလို႔ ကိုမင္းစက္တစ္ေယာက္သာ
ရိွတယ္။
အခုဆို ကိုမင္းစက္ကအလုပ္သြားၿပီဆိုေပမဲ့
အဖြားရဲ့ေဘးနားမွာ အေဖာ္ျပဳေပးေနရ၍
ပ်င္းတယ္ရယ္လို႔မရိွေပ။
ဖြားႏုရဲ့အိပ္ခန္းထဲမွာက ကိုရီးယား
ဇာတ္ကားအေခြေတြကလည္း အမ်ားႀကီးရိွေတာ့
ဝိုင္းေလးအတြက္ ဟန္ကိုက်ေနေရာ။
"ဖြားႏု..သမီးခ်က္ထားတဲ့ငါးရံ့အူဟင္းေလး
စားေကာင္းလားဟင္.."
"တကယ္အရသာရိွတယ္..ငါ့ေျမးရယ္..
ဘယ္လိုမ်ားခ်က္ထားတာလဲကြယ္..
အိမ္မွာ ခင္ျမတို႔ ၊ေအးသန္းတို႔ကအသက္သာ
ႀကီးၾကတာ ဟင္းခ်က္လက္ရာၾကေတာ့
အခုထိ ဒံုရင္းကဒံုရင္းပဲ..ငါ့ေျမးေလးလက္ရာက
ဆိုင္မွာ သြားစားတာထက္ေတာင္
ေကာင္းေသးတယ္.."
ဖြားႏုက ဝိုင္းေလးခ်က္ေပးတဲ့
ညေနစာကိုစားရတာ ၿမိန္ေနပံုရသည္။
တစ္ဇြန္းၿပီးတစ္ဇြန္းခပ္စားေနတဲ့အျပင္
တစ္ဖက္မွာလည္းဝိုင္းေလးကို
အခ်ီးက်ူးမပ်က္ေပ။
ဒီေတာ့ ခ်က္ေပးရတဲ့ဝိုင္းေလးက အားရိွတာေပါ့။
"သာမာန္ဆိုင္ေတြမွာက အမ်ားစာ
ခ်က္ၾကတာဆိုေတာ့ တစ္ခါတေလဟင္းက
လ်ွာမထိအာမထိ ျဖစ္တာေနမွာေပါ့
အဖြားကခံတြင္းပ်က္ေနတယ္ဆိုလို႔
ဂ်င္းကိုေထာင္းၿပီးေမႊးေနေအာင္
လုပ္ေပးထားတာ..ခရမ္းခ်ည္သီးကိုလိပ္ေနေအာင္
လုပ္ၿပီး ေသခ်ာႏွပ္ထားေပးတာေလ..
အဖြားက အစပ္မစားႏိုင္မွာစိုးလို႔
ငရုတ္သီးစိမ္းကိုေတာ့ နဲနဲပဲထၫ့္ထားတယ္.."
"အင္း..ဒီလိုေစတနာအျပၫ့္နဲ႔ခ်က္ေပးလို႔
စားေကာင္းတာေနမယ္..
ဒီၾကက္ေသာက္ဆမ္းကေရာ
ငါ့ေျမးလက္ရာပဲလား.."
"ဟုတ္တယ္ဖြားႏုရဲ့..ေသာက္လို႔ေကာင္းလား.."
"ေကာင္းပါ့ေတာ္..အရသာကေတာ့ရွယ္ပဲ..
အသားေလးေတြကႏူးအိေနၿပီး
ဟင္းရည္က လ်ွာေပၚတင္လိုက္တာနဲ႔
စိမ့္ေနတာ..
ငါ့ေျမးက စားေသာက္ဆိုင္ဖြင့္ဖို႔ေကာင္းတာ
ဒါဆိုအရမ္းေအာင္ျမင္မွာပဲ..."
"ဖြားႏုကလည္း ၿမွောက္ေပးေနျပန္ပါၿပီ
ဝိုင္းေလးကအၿမွောက္သိပ္မႀကိဳက္ဘူးဆိုေတာ့
အခုေတာင္ ေလေပၚပ်ံတက္ခ်င္ေနၿပီ.."
အဖြားက ဝိုင္းေလးခ်က္ေပးတဲ့ဟင္းေတြႏွင့္
ထမင္းကို အားရေအာင္စားေနရင္း
ခ်ီးက်ူးလြန္းေန၍ အေတာင္ပံပါ
ေပါက္ခ်င္သြားသည္။
"ၿမွောက္ေျပာတာမဟုတ္ရပါဘူးဟယ္
ဖြားႏုတို႔ကအမွန္တကယ္ေတာ္လို႔ေျပာတာပါ...
ေျမးရဲ့လက္ရာက တကယ္ေကာင္းတာ
ဒီမွာၾကၫ့္ပါလား သူ႔တို႔ခ်က္ေပးတဲ့ပုဇြန္ဟင္းက
အႏွစ္ေတြအမ်ားႀကီးပါၿပီး အရသာက
သိပ္လည္းမေကာင္းဘူး..."
အမွန္ေတာ့ အဖြားကကိုယ့္ေျမးရဲ့လက္ရာမို႔
ပိုသေဘာေတြ့ေနတာ ေနပါလိမ့္မယ္။
အန္တီခင္ျမကလည္း လက္ရာေကာင္းတာပဲ
ဥစၥာကို..။
"တကယ္ေတာ့ သမီးအရင္ကစားေသာက္ဆိုင္ေလး
တစ္ခုဖြင့္ဖို႔ ႀကိဳးစားခဲ့ပါေသးတယ္..
ေမေမကလည္းဝါသနာပါေတာ့..
သားအမိေတြ အတူလုပ္ၾကမယ္ဆိုၿပီး
စိတ္ကူးယဉ္ခဲ့ၾကတာေလ.."
"ဟုတ္လား..အဲ့ဒါဆိုဘာလို႔မဖြင့္ျဖစ္ေတာ့တာလဲ.."
"မမထိပ္ထားက ဂ်ပန္သြားမယ္ဆိုလို႔ေလ..
ဂ်ပန္မွာေက်ာင္းသြားတက္မယ္ဆိုေတာ့
ေငြသိန္းရာခ်ီကို စားေသာက္ဆိုင္မဖြင့္ေတာ့ပဲ
သူ႔ေက်ာင္းစရိတ္နဲ႔ ဟိုမွာသံုးစရိတ္အတြက္
ေထာက္ပံ့ခဲ့ရတာေလ..."
"အင္း..ႏွေမ်ာစရာပဲေနာ္..မိစံလည္းေျပာပါတယ္
ခင္ထိပ္ထားဦးက မလိမၼာဘူးတဲ့
ဂ်ပန္မွာ ေက်ာင္းတက္ၿပီးအလုပ္လည္းရေရာ
အဆက္အသြယ္ျဖတ္သြားတယ္တဲ့..
ကေလးမက တကယ္ကိုမသိတတ္တာပဲ
ကိုယ့္ေၾကာင့္ ေနာက္မွာမိသားစုကဘယ္ေလာက္
ေပးဆပ္ထားရသလဲဆိုတာ နားမလည္ဘူးေနာ္.."
"ထားလိုက္ပါဖြားႏုရယ္ အဲ့အေၾကာင္းေတြကို
မေျပာခ်င္ေတာ့ပါဘူး..."
"အင္း..အဖြားလည္းဗိုက္ျပၫ့္ၿပီဆိုေတာ့
အျခားအေၾကာင္းေျပာရတာေပါ့.."
"ေနပါအံုးဖြားႏုရယ္..စကားက
ဘယ္အခ်ိန္ေျပာေျပာရတယ္..အရင္ဆံုး
ေဆးေသာက္ရမယ္ေလ.."
ဖြားႏုစားၿပီးသား ထမင္းပန္းကန္ေတြကို
မီးဖိုခန္းထဲသို႔ သယ္သြားလိုက္ေတာ့
မီးဖိုအခန္းထဲမွာက ေအးလွႏွင့္အန္တီေအးသန္းသာ
ရိွေနေလသည္။
ဒီႏွစ္ယာက္နဲ႔က ျပႆနာျဖစ္ထားဖူးေတာ့
သိပ္ၿပီးလည္းအေရာမ၀င္ခ်င္၍ လိုရင္းသာ
ေျပာလိုက္သည္။
"ေအးလွ ဒီမွာဖြားႏုစားထားတဲ့ပန္းကန္ေတြကို
ထားခဲ့ၿပီေနာ္.."
"အမယ္ေလး..သူ႔ကိုယ္သူ..
သူေဌးသမီးဂိုက္ဖမ္းေနလိုက္တာမ်ား..
ကိုယ့္မွာလည္းလက္ရိွရဲ့သားနဲ႔
ကိုယ့္ဘာသာမလုပ္ဘူး..လူကိုမ်ား
သူငွားထားတဲ့ အိမ္ေစမွတ္ေနသလားမသိဘူး.."
မီးဖိုခန္းအေပါက္၀လို႔ ေျခခ်လိုက္သည္ႏွင့္
ခနဲ႔တဲ့တဲ့ ေအးလွ၏အသံကိုၾကားလိုက္ရ၍
ေနြးေနေသာေသြးေတြဟာ ခ်က္ခ်င္း
ပူတက္လာသလိုေတာင္ ခံစားလာရသည္။
"အဲ့မွာဘာရပ္လုပ္ေနတာလဲ..."
အခန္း၀တြင္ နံရံကိုလက္သည္းႏွင့္ကုတ္ျခစ္ကာ
ရပ္ေနမိေသာ ဝိုင္းေလးကို
သတိ၀င္လာေစတာကေတာ့ အေရ႔ွမွာ
လာရပ္ေနေသာ ခံ့ညားသၫ့္ပံုရိပ္တစ္ခုပါပဲ။
သူအေစာႀကီး ျပန္လာတာပါလား။
ေျခာက္နာရီေတာင္ မထိုးေသးဘူးေလ။
"ရွင္ျပန္လာၿပီလား.."
"အင္း..."
"ဒီေန့ေစာတယ္ေနာ္.."
"အဖြားကိုစိတ္ပူလို႔ျပန္လာတာ.."
ထိုစကားသာေျပာၿပီး ဝိုင္းေလးကို
ေက်ာခိုင္းသြားခဲ့ေလသည္။
အေနာက္ကိုျပန္ၾကၫ့္လိုက္ေတာ့ ခုဏက
ဝိုင္းေလးကို ရဲြ႔ေစာင္းၿပီးေျပာေသာေအးလွဟာ
အထင္ေသးစြာ ၾကၫ့္လာတာႏွင့္သြား၍ဆံုသည္။
ကိုယ့္လင္သားကေတာင္ ကိုယ့္အေပၚမွာ
မၾကင္နာမွေတာ့ အျခားသူေတြကလာႏိွမ္တာ
ဆန္းပါေတာ့မလား။
အဖြားကို စိတ္ပူလို႔ျပန္လာတာတဲ့ေလ။
သူ႔ရဲ့ေလသံက ျပတ္သားၿပီးၾကည္လင္ေနတဲ့အျပင္
အျခားထပ္ေျပာစရာမရိွမွန္းသိသာလြန္းတယ္။
အဖြားအတြက္ေနာ္ မင္းအတြက္မဟုတ္ဘူးလို႔
ေၾကာ္ျငာလိုက္သလိုပါပဲ။
အလိုလိုေနရင္း မ်က္ရည္ဝိုင္းလာမိေပမဲ့
စိတ္ကိုတင္းၿပီး အေပၚထပ္သို႔တက္လာခဲ့လိုက္သည္။
အဖြားကို ညေဆးတိုက္လိုက္ၿပီးေနာက္
ကိုမင္းစက္ရိွတဲ့အခန္းကို မသြားခ်င္ေသး၍
အဖြားကိုသာ ႏိွပ္နယ္ေပးမိပါသည္။
"ဒါနဲ႔ ကိုစက္ဆီမွာအလုပ္လုပ္ေနတဲ့အခ်ိန္တုန္းက
သူတစ္ခုခုမူမမွန္တာကို သတိထားမိေသးလား.."
"သတိမထားမိပါဘူးဖြားႏုရယ္..
သူကသူ႔အလုပ္ကိုပဲအာရံုထားတဲ့လူဆိုေတာ့
အမွားကို ၿဖဲရွာေတာင္မေတြ့ပါဘူး.."
ဝိုင္းေလးလည္း အဖြားကအသက္ႀကီးေနၿပီဆိုေတာ့
အျခားအရာေတြေၾကာင့္ စိတ္အေနွာက္အယွက္
ျဖစ္မည္ဆိုး၍ လိမ္ၿပီးသာေျပာလိုက္သည္။
"ဒါနဲ႔..အခုအဖြားကိုျပဳစုေနရေတာ့ အလုပ္က
နားထားရမွာေပါ့.."
"ဖြားႏုရယ္..ကုမၸဏီက..ကိုမင္းစက္ရဲ့
ကုမၸဏီပဲဥစၥာ..ဘယ္အခ်ိန္ျပန္၀င္၀င္ရပါတယ္.."
ဒီတစ္ခါေတာ့ ဝိုင္းေလးအလုပ္ျပဳတ္တဲ့
အေၾကာင္းကို အဖြားမသိေသးဘူးထင္ပါတယ္။
ဝိုင္းေလးလည္း အမွန္အတိုင္းမေျပာျပခ်င္၍
ထပ္လိမ္လိုက္ၿပီးေနာက္အာရံုေျပာင္း၍
ဖြားႏုကိုသာႏိွပ္ေပးေနလိုက္သည္။
"ေအာ္..ဝိုင္းေလးကအေမ့ကိုျပဳစုေပးေနတာပဲ"
အခန္းထဲသို႔ အသံက်ယ္က်ယ္ေျပာ၍
၀င္လာသူမွာ အန္တီရတနာျဖစ္ေလသည္။
ၾကည္လင္ေသာအသံႏွင့္အတူ အန္တီရတနာ့၏
မ်က္ႏွာကလည္း ပြင့္ခါစၾကာပန္းႀကီးလို
ရႊင္လန္းလွပေနသည္။
"ငါ့ခၽြေးမအငယ္ေလးက လိမၼာလိုက္တာဟယ္..
အေမ့ဘးမွာ တစ္ခ်ိန္လံုးရိွေပးေနတာလား.."
"ဟုတ္ပေတာ္..ငါ့ေျမးကငါ့ကိုတစ္ခ်ိန္လံုး
အနာကေနမခြာပဲ ဂရုစိုက္ေပးေနတာ
အရင္ကနင္တို႔ငွားေပးတဲ့ နက္စ္မထက္ေတာင္
သာေသးတယ္..ငါစားဖို႔လည္းသူကိုယ္တိုင္ပဲ
ခ်က္ကၽြေးတာေတာ္..ငါ့ေျမးလက္ရာက
ၾကယ္ငါးခုအဆင့္ဟိုတယ္က စာဖိုးမွဴးနီးနီးကို
ေကာင္းတာ..."
"ဟာဖြားႏုကလည္း
အဲ့ေလာက္လည္းမဟုတ္ပါဘူး.."
"အမယ္ေလး..လ်ိႈမေနစမ္းပါနဲ႔ငါ့ေျမးရယ္..
အဖြားကေတာ့ ေတာ္ရင္ေတာ္တယ္ခ်ီးက်ူးမွာပဲ
ရတနာ နင္ငါ့ေျမးကိုဆုခ်ရမယ္ေနာ္
စိန္တစ္ဆင္စာေနာ္.."
စိန္တစ္ဆက္စာဟု ဖြားႏုကိုယ္တိုင္
ထုတ္ေျပာလိုက္၍ ဝိုင္းေလးေတာင္
လန႔္သြားမိသည္။အန္တီရတနာကလည္း
ႃပံုးႃပံုးႏွင့္ ေခါင္းၿငိမ့္ျပေန၍
၀င္တားမွရေတာ့မည္ဟု ေတြးလိုက္မိသည္။
"စိန္တစ္ဆင္စာေတာ့မေပးပါနဲ႔နာ္..
မဂၤလာေဆာင္တုန္းက လက္ဖဲြ႔ထားတဲ့
ဟာေတြေတာင္ သမီးအခုအထိမသံုးရေသးဘူး
ေတာ္ၾကာ ဖုန္တက္တာပဲအဖက္တင္လိမ့္မယ္ေနာက္ၿပီး အဲ့ေလာက္အဖိုးတန္တာေတြကို
သိမ္းထားမိရင္ ဝိုင္းေလးေက်ာလံုမွာမဟုတ္ဘူး...
ေက်ာေအာက္မွာဓားခ်ၿပီးအိပ္ေနရလိမ့္မယ္..."
"အမယ္ေလး..ငါ့ခၽြေးမေလးက
ရိုးလိုက္တာကြယ္..ဘယ္သူ႔သြားေမးေမး
စိန္တစ္ဆင္စာဆိုလို႔ကေတာ့
လူတိုင္းလိုခ်င္ၾကတာခ်ည္းပဲ...
ဒီလိုဆိုေတာ့လည္း အေမကပဲသိမ္းထားလိုက္မယ္
တစ္ခုခုဆို အေမ့ကိုေျပာ..အေမထုတ္ေပးမယ္ေနာ္"
"ဟုတ္ကဲ့ပါအန္တီ..."
"ဘာအန္တီလဲ..အေမေလသမီး..အေမလို႔ေခၚ.."
"ဟုတ္ကဲ့ပါအေမ..."
သမီးျဖစ္သူႏွင့္ေျမးခၽြေးမႏွစ္ေယာက္က
ဓာတ္တၫ့္ေနေတာ့ ေဒၚႏုယဥ္လည္း
ရယ္သြမ္းေသြးလိုက္မိသည္။
ရတနာက သားေတြခ်ည္းပဲအမ်ားဆံုး
ေမြးထားေတာ့ သမီးမိန္းကေလးဆို
သိပ္ခ်စ္တတ္တာ။
ဒါေၾကာင့္ပဲ သားအႀကီးကိုမိန္းမ
ေပးစားလိုက္မိေပမဲ့ ခၽြေးမအႀကီးက
ပံုမလာေတာ့ သူ႔ခမ်ာအခက္ေတြ့ေနရတာေပါ့။
အခုေတာ့ ခၽြေးမငယ္ငယ္ေလးေၾကာင့္
သူေရာ ကိုယ္ေရာဆႏၵေတျြပၫ့္၀သြားသလိုပဲ။
ဝိုင္းေလးက လူႀကီးေတြရဲ့စကားကိုအင္မတန္
လိုက္နာတတ္ၿပီး လိမၼာၿပီးက်ိဳးႏြံမႈလည္း
ရိွတယ္။
အသက္ကလည္း ႏွစ္ဆယ္ေက်ာ္ေလးဆိုေတာ့
ရုပ္ရည္ကလည္း ႏုႏုငယ္ငယ္ေလးနဲ႔
တအားခ်စ္စရာေကာင္းတယ္။
ေျမးအရင္းေလးေနာက္တစ္ေယာက္ရလိုက္
သလိုေတာင္ ထင္မိတဲ့အထိပဲ။
"ဒါနဲ႔ေလ..အေမ..သီတာတို႔လင္မယားကို
သိတယ္မဟုတ္လား.."
"ေအး..သိတယ္ေလ..သူတို႔လင္မယားက
အသက္ေလးဆယ္ျဖစ္ေနၾကေပမဲ့
ကေလးမရေသးဘူးမဟုတ္လား..
စိတ္ေကာင္းစရာပဲဟယ္...
ပစၥည္းဥစၥာျပၫ့္စံုေနေပမဲ့ သားသမီးရတနာ
မရိွေတာ့ အႏွစ္သာရေပ်ာက္ဆံုးေနသလို
ျဖစ္ေနတာေပါ့..."
"အေမကလည္း စကားကိုဆံုးေအာင္
နားေထာင္ပါအံုး..ဒီေန့ေရႊဆိုင္မွာ
ကေလးဟမ္းခ်ိန္းေလးလာ၀ယ္လို႔
စပ္စုၾကၫ့္လိုက္ေတာ့
သူတို႔လင္မယားက ကေလးရေနၿပီတဲ့ေလ
အခုဆိုရင္ ကေလးကငါးလသားေတာင္
ရိွေနၿပီတဲ့.."
"ဟယ္..တကယ္ႀကီးလား..
အသက္ေလးဆယ္ေက်ာ္မွေတာင္
ကေလးရေသးတယ္ေနာ္..အင္း..ကံဆိုတာ
မွန္းဆလို႔မွမရပဲကို..ကေလးရမဲ့ကံပါရင္
ရမွာပါပဲ..နင့္သားႀကီးလင္မယားလည္း
ရရင္ရႏိုင္မွာေပါ့..."
"အေမကလည္း..ခ်စ္သက္လ်ွာက..
ဘယ္လိုလုပ္ကေလးရမွာလဲ..
သႏၶေတားေဆးေတြသံုးေနတဲ့ဥစၥာကို
ေမးလိုက္ရင္ေတာ့..သူ႔အလုပ္နဲ႔သူေတာင္
မအားတာ ကေလးထိန္းဖို႔အခ်ိန္ဘယ္မွာ
ရိွမလဲတဲ့ေလ..အဲ့ဒါနဲ႔ကၽြန္မလည္း..
အေမတို႔ထိန္းေပးမွာေပါ့လို႔ ေျပာလိုက္ေတာ့
ေျခာက္လေလာက္က ဘယ္သူႏို႔တိုက္မွာလဲဆိုၿပီး
ျပန္ေျပာတယ္အေမရယ္..အိမ္ေထာင္သည္မွန္ရင္
ကေလးေမြးတာအဆန္းလား..
ေျခာက္လေလးေတာင္ ကိုယ့္ကေလးကို
ႏို႔တိုက္ကၽြေးခ်င္စိတ္မရိွတဲ့
မိန္းမကိုေျပာေနလည္း အပိုပါပဲ.."
"အင္း..ဒီေကာင္မေလးနဲ႔လည္းတယ္ခက္တာပဲ
ဒါဆိုရင္ ငါတို႔ကဘယ္ေတာ့ျမစ္ကေလးကို
ခ်ီခြင့္ရမွာလဲ..အိမ္မွာတီတီတာတာခၽဲြမဲ့
ကေလးေလးမရိွေတာ့ ငါ့ရဲ့ေနရက္ေတြက
ပ်င္းေျခာက္ေျခာက္ၿပီး ျဖစ္ေနမွာေပါ့.."
"မပူပါနဲ႔အေမရယ္..ကၽြန္မတို႔မွာခၽြေးမအငယ္ေလး
က်န္ပါေသးတယ္..ေနာ္ဝိုင္းေလး..."
ဒုကၡပဲ ဝိုင္းေလးဘက္ကိုမ်က္ေစာင္းထိုးလာၾကၿပီ။
အေမေရာအဖြားေရာက ေမ်ွာ္လင့္ခ်က္
တစ္ပံုတစ္ပင္ႀကီးနဲ႔ ၾကၫ့္ေနၾကတာမ်ား
မ်က္လံုးႀကီးေတြက ေရ႔ွကိုျပဳတ္ၾကေတာ့မဲ့
အတိုင္းပဲ။
သူတို႔ရဲ့ မ်က္လံုးထဲမွာ"ငါတို႔ကိုကေလးေလး
ေမြးေပးဆိုတဲ့"စာလံုးေတြေတာင္ေပၚေနသလိုပဲ။
ဝိုင္းေလးက ေဆးထိုးတာေရာ၊
ေဆးေသာက္တာေရာမလုပ္ရေသးသလို
ေယာက္်ားနဲ႔ကအေက်ာမတၫ့္ေတာ့
လုပ္စရာလည္းမလိုေပ။
မခ်စ္သက္လ်ွာကေတာ့ သူ႔ဘာသာရပ္တည္ႏိုင္သူ
ဆိုေတာ့ အာခံႏိုင္တာမဆန္းပါဘူး။
ဝိုင္းေလးၾကေတာ့ အေျခအေနကမတူဘူးေလ။
ဝိုင္းေလးရဲ့အျဖစ္က ဘုရင့္မိဘုရားမ်ားလို
ကိုယ့္ေနရာေလးတည္ၿမဲဖို႔ သားရတနာကို
အမွီျပဳျပီး ေျခကုတ္ယူထားရမလို
ပံုမ်ိဳးျဖစ္ေနတယ္။
ဒါေပမဲ့ ဝိုင္းေလးကလည္းကေလးေမြးၾကၫ့္ရမွာ
ေၾကာက္တယ္ေလ။
"မသီတာတို႔ေျပာျပတာေတာ့ သူတို႔က
ေရႊတိဂံုဘုရားမွာရိွတဲ့ ျဗမၼာသားပိုက္ဆီမွာ
ကေလးရုပ္ထုေလးကို ကိုင္ၿပီးသားဆုပန္ခဲ့တာတဲ့
သားေလးေမြးရင္ ပဲြေပးမယ္ဆိုၿပီးကတိေပးခဲ့တာ
အခုသားေလးရေတာ့ ပဲြေပးလိုက္တယ္တဲ့.."
"ဟဲ့..အဲ့ဒါကိုငါလည္း သူမ်ားေတြေျပာတာ
ၾကားဖူးတယ္..ျဗမၼာသားပိုက္က
တကယ္ဆုေတာင္းျပၫ့္တာတဲ့..ဒီလိုလုပ္ပါလား
နင့္သားရံုးပိတ္တဲ့တစ္ရက္ေလာက္
ႏွစ္ေယာက္လံုးကို ေခၚသြားၿပီး
သားဆုသြားပန္ၾကၫ့္ပါလား.."
"ဝိုင္းေလးကရေပမဲ့ ကိုစက္ကအဲ့ဒါမ်ိဳးေတြကို
အယံုအၾကည္မရိွေလာက္ဘူးထင္တယ္.."
"အဲ့ဒါဆိုလည္း အဖြားက်န္းမာေရးေကာင္းေအာင္
အဂၤါသားက ယၾတာေခ်ေပးရမယ္ဘာညာ
ေျပာလိုက္ေပါ့ဟယ္.."
"ဟုတ္သားပဲ..ဒီလိုကလိမ္ကက်စ္အႀကံမ်ိဳး
အေမပဲထုတ္တတ္တယ္.."
"ဟမ္..."
အန္တီရတနာ၏အေျပာေၾကာင့္ ဆူပုတ္သြားေသာ
အဖြားကိုၾကၫ့္ၿပီး ဝိုင္းေလးမွာ
မရယ္ပဲမေနႏိုင္ေတာ့ေပ။
ဒါေပနဲ႔ ခဏအၾကာမွာအန္တီရတနာ၏
ကေလးရေအာင္ယူနည္း ၫႊန္ၾကားမႈေတြေၾကာင့္
စိတ္ညစ္ရျပန္သည္။
ကေလးမရတာက သားအိမ္မသန႔္လို႔လည္း
ျဖစ္ႏိုင္တယ္ဆိုၿပီး သူ႔အသိသားဖြားဆရာမဆီမွာ
သားအိမ္သြားသန႔္ရေအာင္တဲ့ေလ။
ေဆးရံုမွာလည္း OGနဲ႔သြားျပၿပီး
ကေလးရႏိုင္၊မရႏိုင္စစ္ေဆးၾကၫ့္ပါမည္တဲ့။
ဝိုင္းေလးရဲ့အသက္ကႏွစ္ဆယ့္သံုးႏွစ္ပဲ
ရိွေသးတာကို ဘာလို႔မ်ားအတင္းဖိအားေပး
ခ်င္ၾကတာလဲမသိဘူး။
🍒🍒🍒🍒🍒🍒🍒
ညေနကအန္တီရတနာ၏ စကားေတြကို
ျပန္ၾကားေယာင္မိၿပီး အိပ္၍ေတာင္
မေပ်ာ္ေတာ့ေပ။
သူတို႔က ကေလးလိုခ်င္ေနၾကတာကိုသိေပမဲ့
ဒီေလာက္အထိ အကဲပိုမယ္လို႔မထင္ခဲ့မိဘူး။
ေနာက္ၿပီး ဝိုင္းေလးဘက္ကေန
ဆႏၵရိွရဲ့လားလို႔ေတာင္ တစ္ခါမွမေမးၾကဘူး။
ဘာလုပ္ရမွန္းမသိေတာ့၍
သက္ျပင္းသာခ်လိုက္မိသည္။
"ဘာျဖစ္ေနတာလဲ...မအိပ္ေသးဘူးလား.."
"အိပ္မွာပါ..."
ခပ္ဩဩအသံကိုၾကားလိုက္ေတာ့မွ
ကိုမင္းစက္ အခန္းထဲသို႔၀င္လာမွန္း
သိလိုက္ရသည္။
ညအိပ္၀တ္စံုအနက္ေရာင္ကို ၀တ္ထားၿပီး
လက္ထဲမွာလည္းစာအုပ္တစ္အုပ္ကို
ကိုင္ထားေလသည္။
ဝိုင္းေလးလည္းသူ႔ကို ဂရုစိုက္မေနေတာ့ပဲ
ေစာင္ကို ဆဲြႃခံုၿပီး ကုတင္စြန္းမွာလွဲအိပ္လိုက္သည္။ဒါေပမဲ့ ဘယ္လိုပဲႀကိဳးစားၿပီးအိပ္ပါေစ
လံုး၀ကို အိပ္မေပ်ာ္ဖူးျဖစ္ေနတယ္။
တစ္ခုခုေၾကာင့္ ရင္ခံေနသလိုႀကီး
ခံစားေနရတာမ်ိဳး ။
ဒီမိသားစုမွာ ကေလးတစ္ေယာက္သာ
ေမြးမေပးႏိုင္ရင္ ဘာျဖစ္သြားမလဲဆိုတဲ့
အေတြးႀကီးသာ ရစ္ဝဲေနမိတယ္။
မခ်စ္သက္လ်ွာရဲ့ မာနႀကီးၿပီးေမာက္မာမႈက
ဒီေနရာမွာ သြားၿပီးအသံုးတၫ့္တယ္လို႔
ဆိုရမယ္။သူ႔ရဲ့ပံုစံေၾကာင့္ ဘယ္သူကမွ
ဖိအားမေပးရဲၾကဘူး။
ဒါေပမဲ့ ဝိုင္းေလးနဲ႔သူကတူမွမတူပဲ။
မခ်စ္သက္လ်ွာဆိုတာ နဂိုတည္းက
ဥစၥာရိွၿပီးပညာဂုဏ္ျမင့္တဲ့ အသိုင္းအဝိုင္းက
မိန္းမတစ္ေယာက္ေလ။
ဝိုင္းေလးကၾကေတာ့ အခုလက္ရိွေမြးစား
မိဘေတြကသာ စြန႔္ပစ္လိုက္သည္ရိွေသာ္
ဘယ္မွာလဲ မိဘ၊
ဘယ္မွာလည္း ကာကြယ္ေပးမဲ့ေဆြမ်ိဳးေတြ။
လင္ေယာက္်ားကပါ အခ်စ္မခံရတဲ့
မိန္းမတစ္ေယာက္အတြက္ ဘယ္အရာကိုသြားၿပီး
အားကိုးရေတာ့မွာလဲ။
အေနာက္သို႔ လွၫ့္၍ၾကၫ့္လိုက္မိေတာ့
ဦးမင္းစက္အာဏာဟာ သူ႔ေနရာရိွ
ကုတင္စြန္းဘက္တြင္ ေခါင္းဦးႏွစ္လံုးကို
ဆင့္၍ ေက်ာမွီလ်ွက္ စာအုပ္ဖတ္ေနေလသည္။
ေဘးတိုက္ၾကၫ့္မိတာေတာင္
သူဟာသိပ္ေခ်ာပါတယ္။
မ်က္လံုး၊မ်က္ခံုးနဲ႔ ႏွာတံရိုးကအစ
ဆဲြေဆာင္မႈရိွၿပီး အျပစ္ဆိုစရာကိုမရိွတာ။
စာၾကၫ့္မ်က္မွန္ အၾကည္ေလးကိုတပ္ထားေတာ့
ပိုေတာင္ ခန႔္ေနေသးတယ္။
ဒီရုပ္ရည္နဲ႔ တကၠသိုလ္မွာပါေမာကၡသြားလုပ္ရင္
ေက်ာင္းသူေတြၾကား အုတ္ေအာ္ေသာင္းနင္းေတာင္
ျဖစ္သြားအံုးမယ္။
သူ႔ရုပ္ရည္ကို ခ်ီးက်ူးမိေပမဲ့တစ္ဆက္တည္းမွာ
ႏွာေခါင္းရႈံ႔လိုက္မိၿပီး တစ္ဖက္သို႔
ျပန္လွၫ့္ပစ္လိုက္သည္။
ရုပ္ေခ်ာေတာ့ေရာဘာေကာင္းလဲ
သူမွငါ့ကိုဂရုမစိုက္တာ။
ခဏအၾကာမွာေတာ့ ေမြ့ယာကသိမ့္ကနဲ
တုန္သြား၍ သူအိပ္ယာ၀င္ၿပီမွန္းသိလိုက္သည္။
ဒါေပမဲ့ ဝိုင္ေလးကေတာ့ေနာက္ထပ္နာရီ၀က္
ၾကာသည္အထိ အိပ္လို႔မရေသးေပ။
ဓမၼတာလာခ်ိန္နီးေန၍လားေတာ့ မသိေပမဲ့
အလိုလို၀မ္းနည္းေနမိတယ္။
"ကိုမင္းစက္..ရွင္အိပ္ေနၿပီလား..."
"အင္း.."
ၾကၫ့္အံုး..အိပ္ေနတယ္တဲ့လူက ျပန္ေျဖတယ္တဲ့။
ဒါမအိပ္ေသးဘူးလို႔ ေျပာလိုက္တာနဲ႔အတူတူပဲ
မဟုတ္ဘူးလား။
မင္းစက္ကေတာ့ အိပ္မရေသးေပမဲ့
ႏွဖူးေပၚလက္တင္၍ မ်က္လံုးကိုသာ
မိွတ္ထားလိုက္သည္။တစ္ဖက္မိန္းကေလးကေတာ့
သူ႔ကို ထူးထူးဆန္းဆန္းထေမးလာၿပီး
အသံျပန္တိတ္သြားေလသည္။
"ဒီေန့အဖြားကိုျပဳစုေနရင္းနဲ႔ အေဖ့ကိုအရမ္း
သတိရတာပဲ..အေဖက..
ေလျဖန္းေနတာၾကာၿပီေလ
အစားစားရင္လည္း မနည္းကၽြေးရတယ္
ထိုင္ေတာင္ေသခ်ာမထိုင္ႏိုင္ေတာ့ဘူး
အဖြားရဲ့သတင္းကိုၾကားၾကားခ်င္း
အေဖ့လိုျဖစ္မွာကို အရမ္းစိုးရိမ္တာပဲ.."
ေမဝိုင္းေလး၏ ခပ္အက္အက္အသံေၾကာင့္
မင္းစက္လည္း မ်က္လံုးေတြဖြင့္လိုက္ကာ
ေဘးကိုေစာင္းၾကၫ့္လိုက္မိသည္။
သူျမင္ေနရသၫ့္ ေစာင္ႃခံုထားေသာ
ေက်ာျပင္ေလးက တစ္ခ်က္မ်ွတုန္တက္သြားေလသည္။
*ၾကၫ့္ရတာ..အိမ္ကိုလြမ္းၿပီးငိုေနၿပီထင္တယ္..
ဒါေပမဲ့ ဘယ္လိုႏွစ္သိမ့္ေပးရမွာလဲ..*
"ဝိုင္းေလးရဲ့အသက္ကအခုမွႏွစ္ဆယ့္သံုးႏွစ္ပဲ
ရိွေသးတယ္..
ဘဲြ႔ရၿပီးတာသံုးႏွစ္ေလာက္ပဲရိွေသးတယ္..
အလုပ္မလုပ္ခင္ လိုအပ္တဲ့
သင္တန္းေတြတက္ေနတာနဲ႔ပဲ
မိဘေတြက ဝိုင္းေလးရဲ့လုပ္စာကိုစားခြင့္ေတာင္
မရလိုက္ၾကဘူး..အမ်ားအျမင္မွာေတာ့
ငယ္ငယ္ေလးနဲ႔ ေယာက္်ားယူသြားလို႔
သားသမီးတာ၀န္မေက်ပြန္ဘူးလို႔ ထင္ၾကမွာပဲေနာ္
**
အိမ္မွာက မိန္းမသားေတြခ်ည္းပဲရိွတာ
အေမက အေဖ့ကိုလည္းဂရုစိုက္ရေတာ့
အခုဆို ဆိုင္ကိစၥကေဒၚေလးရဲ့ေခါင္းေပၚကို
ေရာက္ေနၿပီ..အဖြားကလည္းအသက္ႀကီးမွ
အိမ္ကိစၥေတြကို လိုက္ၿပီးစီမံေပးေနရတယ္
***
ဟိုတေလာက အေမ့အိမ္ကိုျပန္ေတာ့
အိမ္ေရ႔ွမွာ ထမင္း၊ဟင္းနဲ႔အေအးေရာင္းမလို႔ဆိုၿပီး
တိုင္ပင္လာတယ္..ဝိုင္းေလးသိပ္၀မ္းနည္းတာပဲ
အေမ့ကိုလုပ္အားနဲ႔ေတာင္ ဘာမွလည္းမကူႏိုင္ဘူး..
တကယ္ဆိုရင္ အေဖနဲ႔အေမကဝိုင္းေလးကို
ေမြးစားထားတာဆိုေပမဲ့ သမီးအရင္းနဲ႔တန္းတူ
ဂရုစိုက္ေပးခဲ့ၾကတာေလ..အဟင့္..
ေတြးေလေလ..၀မ္းနည္းလာေလပဲ.."
စကားေျပာေနရင္းႏွင့္ တသိမ့္သိမ့္ရိႈက္ငိုေနသၫ့္ ေကာင္မေလးကိုသူဘယ္လို
ႏွစ္သိမ့္ေပးရမလဲဟု အသည္းအသန္
စဉ္းစားေနမိသည္။
အသက္ကလည္းငယ္၊ဘ၀မွာသင္ယူစရာေတြ
အမ်ားႀကီးလိုအပ္ေနေသးၿပီး ရင့္က်က္ဖို႔
လိုေနေသးတဲ့အရြယ္ဆိုေတာ့
အေတြးမ်ားၿပီး စိုးရိမ္စိတ္လြန္ကဲတာ
သူနားလည္သည္။
ဒါ့အျပင္ ေမဝိုင္းေလးဟာပံုမွန္ဆို ကိုယ့္ကို
ဒီလိုရင္ဖြင့္ေလ့မရိွေတာ့ အထူးအဆန္းလို
ျဖစ္ေနမိတယ္။
မိန္းကေလးတစ္ေယာက္အေနနဲ႔ သူ႔အခက္အခဲကို
ဒီလိုပြင့္ပြင့္လင္းလင္း ေျပာျပေနတည္းက
ကိုယ့္ကို ယံုၾကည္လို႔ပဲမဟုတ္ဘူးလား။
ဒီေတာ့သူလည္း တစ္ခုခုေတာ့လိုက္ေလ်ာ
ေပးမွ ျဖစ္လိမ့္မည္။
မိန္းကေလးတစ္ေယာက္နဲ႔ပတ္သတ္ၿပီး
သူေတာင္ မသိလိုက္ပဲခ်က္ခ်င္း
ဆံုးျဖတ္ခ်က္ခ်လိုက္မိတယ္။
"ဒီတစ္ပတ္ကိုယ့္ရံုးပိတ္ရက္မွာ..
မင္းရဲ့မိသားစုဆီကို အလည္သြားၾကတာေပါ့..
မဂၤလာေဆာင္ၿပီးတည္းက မင္းရဲ့အိမ္ကို
ကိုယ္လိုက္မလည္ဖူးေသးဘူး..
သူတို႔လည္းကိုယ့္ကို ေတြ့ခ်င္ေနၾကမွာပဲေလ.."
"ရွင္တကယ္ေျပာေနတာလား..."
သူ႔ရဲ့စကားက ထိေရာက္သြားသည္ထင္ပါရဲ့
ေကာင္မေလးတစ္ေယာက္ ခ်က္ခ်င္းသူ႔ဘက္သို႔
ေခါင္းလွၫ့္လာေလသည္။
ဒါ့အျပင္မ်က္ႏွာေလးကပါ ရႊင္လန္းသြားတယ္။
ဒါေပမဲ့ အရမ္းလိုက္ေလ်ာေပးရင္လည္း
ေရာင့္တက္မွာစိုး၍ မ်က္ႏွာကိုေတာ့
ခပ္တည္တည္ပဲ ေနလိုက္မိသည္။
"မနက္ျဖန္ၾကရင္..KGစင္တာတစ္ခုခုကိုသြားၿပီး
မင္းမိသားစုအတြက္ လက္ေဆာင္ပစၥည္းေတြ
သြားေရြးထားလိုက္ေပါ့..ကိုယ့္ကဒ္ကိုမနက္ၾကရင္
မင္းကိုေပးထားမယ္.."
"တကယ္ႀကီး..ရွင္မလိမ္ပါဘူးေနာ္.."
"ကိုယ္ကဘာလို႔လိမ္ရမွာလဲ..
မင္းပဲအိမ္ျပန္ခ်င္တယ္ဆိုၿပီး ေျပာေနၿပီးေတာ့
ဘာလဲ မျပန္ခ်င္ေတာ့ဘူးလား.."
"ျပန္မွာျပန္မွာ..ကၽြန္မထပ္မေမးေတာ့ဘူး.."
သၾကားပြင့္ေလးလို အခ်ိဳျမဆံုးႃပံုးရႊင္သြားၿပီး
ေနရာမွာ ျပန္ၿပီးလွဲအိပ္လိုက္တာမ်ား
ေမြ့ယာႀကီးေတာင္ သိမ့္ကနဲျဖစ္သြားတယ္။
မင္းစက္လည္း ေကာင္မေလးဒီေလာက္
ေပ်ာ္သြားမယ္လို႔ မထင္မိခဲ့၍ အခုလို
ေပ်ာ္ရႊင္ေနတာကို ျမင္ရေတာ့သူပါ
ႃပံုးလိုက္မိသည္။
"တကယ္လို႔ မင္းဆႏၵရိွရင္ ကိုယ္တို႔မင္းရဲ့အိမ္ကို
မၾကာခဏ သြားလည္ၾကတာေပါ့..
မင္းရဲ့မိဘေတြလည္း ၀မ္းသာေလာက္မွာပါ..."
သူ႔စကားအဆံုးမွာ တစ္ဖက္မွဘာမွတုန႔္ျပန္မလာ၍
အိပ္သြားၿပီလို႔ ထင္လိုက္မိေပမဲ့ ခဏအၾကာမွာ
ေငါက္ကနဲ ထထိုင္လိုက္၍ သူေတာင္
လန႔္သြားမိသည္။
"ဘာျဖစ္တာလဲ.."
"ကၽြန္မရွင့္ကို ေမးစရာရိွလို႔..."
ေမြ့ယာေပၚကို လက္ေထာက္ထားၿပီး
ေျခေထာက္ေလးစုႄကံု႔ထားလ်ွက္ ထိုင္ေနေသာ
သူေလး၏မ်က္ႏွာသည္ ကိုယ့္စိတ္ထဲမွာေတာ့
ပန္းႏုေရာင္သန္းေနသလိုပဲ။
ဒီမိန္းကေလးရွက္ေနတာလား။
ဘာစကားကို ေျပာမွာမို႔လို႔လဲ။
ဆံပင္အရွည္ႀကီးေတြက ဝဲက်ေနၿပီး
ေကာင္မေလးရဲ့ ခႏၶာကိုယ္တစ္ခုလံုးကို
ဖံုးအုပ္ထားသလိုျဖစ္ေနသည္။
ဒီလိုရွက္ရြံ႔ေနတဲ့ မ်က္ႏွာေလးကိုေတြ့ရေတာ့
သူအာေခါင္ေတြေတာင္ ေျခာက္ခ်င္လာတယ္။
ဒါေပမဲ့ သူမေျပာလာတဲ့စကားေၾကာင့္
သူပို၍ အံ့အားသင့္သြားရေလသည္။
"ရွင္..ကေလးယူခ်င္လား.."
"ဟမ္!!!"
အခန္း(၃၃)ဆက္ရန္..
စာေရးသူ..ေဆာင္းေငြ့ေဝ
🍒🍒🍒🍒🍒🍒
ေျဖလိုက္ၾကပါအံုး🤭
ဖတ္ရႈေပးသူ တစ္ဦးတစ္ေယာက္ခ်င္းဆီကို
အထူးေက်းဇူးတင္ရိွပါတယ္..

No comments:
Post a Comment